ရွှီရွှီမြည်တဲ့ ဆောင်းရာသီ
ပန်းနာရင်ကြပ်ရောဂါရှင်တွေအဖို့ ဆောင်းရာသီက အိပ်မက်ဆိုးတစ်ခုပါပဲ။ ဆောင်းရာသီကို ရောက်လာတာနဲ့ တရွှီရွှီမြည်ပြီး ရင်ကြပ်ရောဂါ ပြန်ထလို့ အသက်ရှူမဝ၊ မောပန်းကာ မရှူနိုင်မကယ်နိုင် ဖြစ်တတ်ကြပါတယ်။
ဆောင်းရာသီမှာ တိုက်တဲ့လေတွေက အေးမြပြီး ခြောက်သွေ့တဲ့အတွက် အသက်ရှူလမ်းကြောင်းကို လှုံ့ဆော်ပြီး Histsmine ဓာတ်တွေ ထွက်လာစေပါတယ်။ Histamine က လေပြွန်တွေကို ကျဥ်းပြီး ရောင်ရမ်းစေလို့ ပန်းနာရင်ကြပ်ရောဂါကို ပိုမိုဆိုးရွားစေပါတယ်။
ချမ်းအေးတဲ့အတွက် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်တဲ့အခါ အသက်ရှူနှုန်းမြန်လာပြီး အောက်ဆီဂျင်လိုအပ်မှု ပိုများလာပါတယ်။ အသက်ရှူမြန်လာတဲ့အခါ လေအေးတွေ များများရှူမိတဲ့အတွက် အသက်ရှူလမ်းကြောင်းထဲမှာ Histamine တွေ ထွက်လာပြီး ရုတ်တရက် ရင်ကြပ်မောပန်းတာမျိုး ဖြစ်တတ်ပါတယ်။
ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်း၊ အအေးမိတုပ်ကွေးရောဂါနဲ့ နမိုးနီးယားအဆုတ်ရောင် ရောဂါတွေက လေပြွန်တွေကို ကျဥ်းစေပြီး ပန်းနာရင်ကြပ် ထစေပါတယ်။
ချမ်းအေးတဲ့ ဆောင်းရာသီမှာ အနွေးဓာတ်ရအောင် အမှိုက်တွေ မီးရှို့တာ၊ ထင်းမီးလှုံတာတွေကနေ ထွက်တဲ့ ကာဗွန်မီးခိုးငွေ့တွေကို ရှုမိရင်လည်း ရင်ကြပ်နိုင်ပါတယ်။
လေနဲ့အတူ လွင့်ပါလာတတ်တဲ့ ဖုန်မှုန့်တွေ၊ ပန်းဝတ်မှုန်တွေ ရှူမိရင်လည်း ပန်းနာရင်ကြပ် ထနိုင်ပါတယ်။
- အသက်ရှူတိုင်း တရွှီရွှီမြည်နေတာ
- မောပန်းပြီး အသက်ရှူမဝတာ
- ရင်ဘတ်ထဲမှာ တင်းကြပ်နေတာ
- စကားပြောရင် မောနေတာတွေက ပန်းနာရင်ကြပ်ရောဂါရဲ့ လက္ခဏာတွေပါ။
ဒါတင်မကသေးပါဘူး ...
- အဖျားကြီးတာ
- နှုတ်ခမ်းတွေ၊ လက်သည်းခြေသည်းတွေ ပြာနှမ်းလာတာ
- ရင်ဘတ်အရမ်းအောင့်တာ
- လမ်းကောင်းစွာ မလျှောက်နိုင်တော့တာ
- သတိလစ်တာတွေ ဖြစ်လာရင် အသက်အန္တရာယ်ရှိတာမို့ ဆေးရုံဆေးခန်းကို ချက်ချင်းသွားရပါမယ်။
ပန်းနာရင်ကြပ်ရှိရင် ဆောင်းရာသီမှာ ဘာတွေ ဂရုစိုက်ရမလဲ?
- သောက်သုံးနေကျဆေးတွေ၊ ဂေါက်ရှူဆေး (Inhalar) တွေကို ကိုယ်နဲ့မကွာ သို့မဟုတ် လက်လှမ်းမီရာမှာ အဆင်သင့် ဆောင်ထားရပါမယ်။
- အရေးပေါ်လိုနိုင်တဲ့ ဆေးတွေကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ပြင်ဆင်ထားသင့်ပါတယ်။
- လေ့ကျင့်ခန်း လုပ်တဲ့အခါ အပြင်မှာထက် အိမ်တွင်း၊ အဆောက်အဦးအတွင်းမှာ လုပ်ပါ။
- အပြင်သွားတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးအုပ်တဲ့ Mask တပ်ပါ။
- အအေးမိတုပ်ကွေးကာကွယ်ဆေး ထိုးထားပါ။
- နွေးနွေးထွေးထွေး နေပါ။ ရေများများ သောက်ပါ။ ပူနွေးတဲ့ အစားအစာနဲ့ အရည်တွေ စားသောက်ပါ။
- ရေချိုးတဲ့အခါ ၅-၁၀ မိနစ်ထက် ပိုမကြာပါစေနဲ့။
- အမှိုက်မီးရှို့နေရင် အငွေ့တွေနဲ့ ဝေးတဲ့နေရာကို ရှောင်နေပါ။
ပန်းနာရင်ကြပ်ရောဂါဟာ ခံရခက်တဲ့ ရောဂါမှန်း ခံစားဖူးသူကသာ သိနိုင်တာပါ။ အခန့်မသင့်ရင် အသက်ပါပါသွားနိုင်တဲ့ ရောဂါဖြစ်လို့ ဆောင်းရာသီမှာ အထူးဂရုစိုက်ကြဖို့ မှာချင်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်